ဆရာ၊ဆရာမတွေ ပေးဆပ်ခဲ့ရတာ တကယ်ရော တန်လို့လား? – Baganthar




ပြန်မေးမယ်တန်လို့လား။ တလောက မန္တလေးက ဆရာ အထိုးခံရတယ်။ နောက် ခရမ်းသုံးခွကကျောင်းဆရာမ ကျောင်းဝန်းထဲထိ ဝင်စော်ကားတာ ခံရတယ်။ နောက် လစာတိုးမယ်ဆိုတော့ တန်လို့လားလို့ အမေးခံရတယ်။ နောက်ကျူရှင်သင်လို့ဆိုပြီး ‌အ‌ပြောခံရပြန်တယ်။ ဒီကြားထဲ ဘီအီးဒီဆင်း စာမသင်တတ်ဘူး‌ပြောတာက ရှိသေး။ ကဲခုကျတော့ တာဝန်ကျရာက ယောက်ျားကိုယူဖို့ အပြောခံရပြန်တယ်။

ဆရာမလေးတွေရဲ့ လုံခြုံရေး ဘယ်မလဲ။ ရိုက်ရင်တိုင်မယ် ဆိုတာကလည်းမနည်း။ ရပ်ရွာနဲ့ ပြဿနာမဖြစ်အောင်လည်း ကြည့်နေရတယ်။ ကျောင်းမှာ တက်တက်ကြွကြွလုပ်ရင်လည်း ဘာလားဆိုတဲ့ အကြည့်ကတစ်မျိုး။ အဲ့တော့ အချို့သော ဝန်ထမ်းများ မလုပ်မပြုတ်နေကြတာကိုလည်း အပြစ်မပြောနဲ့ ။

ထပ်မေးမယ် တန်လို့လား။ ငါတို့ထားတဲ့စေတနာနဲ့ တန်လို့လား။ ဆရာ့မေတ္တာအပြည့်နဲ့ သင်ကြားပေးကြ ခွင့်လွှတ်ကြတဲ့ သည်းခံကြတဲ့ ဆရာကောင်းတွေနဲ့ တန်လို့လား။ တက်တက်ကြွကြွ ဆောင်ရွက်ကြတဲ့ ဆရာတွေနဲ့ တန်လို့လား။ ပညာရေးတိုးတက်အောင် ကျောင်းတိုးတက်အောင် ဆောင်ရွက်ပေးကြတဲ့ ဆရာတွေနဲ့ တန်လို့လား။ လုပ်ရတဲ့အလုပ်က ပိတ်ရက်တောင် နားချင်မှ နားရတာ။ ရတဲ့ လခနဲ့ တန်လို့လား။ ကန်စွန်းရွက်ကြော်နဲ့ ကြက်ဥစားပြီး ပိတ်ရက်မရှိလုပ်ပေးနေတာနဲ့ တန်လို့လား။

အေး ပြောပြမယ်။ မနေ့က ညပိုင်း ကားစီးလာတော့ ဘေးက ဆရာမတစ်ယောက်နဲ့ ခုမှ ၁၀ တန်းအောင်တဲ့ ကလေးတစ်ယောက် ‌ပြောနေတဲ့စကား။ ကလေးက ၃ ဘာသာပါတယ် အမှတ်က ၄၃၈ မှတ် ပညာရေးကောလိပ်မတက်ဖို့ ရန်ကုန်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ၊ နိုင်ငံခြားဘာသာတက္ကသိုလ် တက်ဖို့ပြောနေတာ။ အကြောင်းရင်းကဘာလဲဆိုတော့ ကောလိပ်တက်ပြီး ရွာမှာသွားပြီး လုပ်ရတယ်။ နယ်ဘက်ကျမယ်။ အခက်အခဲများတယ်။ မြို့ပေါ်မနေရဘူး။ဒါပဲ။ နှ‌မြောတယ်တဲ့။

ဟုတ်တယ် ။နှမြောတယ်။ အမှတ်ပေါင်း ၄၀၀ ကျော်နဲ့ တက်ကြရပြီး သွားရတော့ ချောင်ဂလောင်ကြား။ လူစော်ကားခံရတဲ့ဘ၀။ အဲ့တော့ ပြန်မေးမယ်နော် တန်လို့လား။ တောရွာမှာသွား တာဝန်ထမ်းရတယ်ဆိုတာ လွယ်တယ်မှတ်သလား။ တစ်ဘဝလုံးကို ကိုယ်တိုးတက်ဖို့ ရင်းပြီး တိုင်းပြည်နဲ့ မျိုးဆက် ကောင်းဖို့လုပ်ရတာ။ အဲ့ဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကောလိပ်က သေချာသင်ပေးနေရတာ။ ကောလိပ်က သင်ပေးနေတာတွေက တကယ့် လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုပဲ။ အဲ့ဒါမှ International ဆန်တယ်ခေါ်တယ်။

အဲ့တော့ ပြန်‌မေးမယ်။ အမှတ် ၄၀၀ ကျော် ခက်ခက်ခဲခဲလေ့ကျင့်ပြီး မူပြလုပ်နေကြသူတွေက တန်လို့လား။ ကျန်သေးတယ်ပြောဖို့။ လုပ်ရတဲ့အလုပ်က စာသင်ရုံမဟုတ် ဟိုးသန့်ရှင်းရေးထိ ဘဝစုံ။ စာသင်တာ နိုင်ငံတကာအဆင့်မီ။ သင်ရိုး နိုင်ငံတကာ အဆင့်မီ။ စာရင်းဇယား နိုင်ငံတကာအဆင့်မီ။ သင်တန်း နိုင်ငံတကာ အဆင့်မီ။ ကဲ လစာ…….။ ။ ‌ဖြေ…..။ ‌ဖြေနိုင်အောင်‌ဖြေ။ မ‌ဖြေနိုင်ရင် နားရင်းအုပ်မယ်။ ပညာရေးအလေးမပေးတဲ့နိုင်ငံ။ ပညာရေးလုပ်သား အလေးမထားတဲ့နိုင်ငံ။ ကိုယ်သင်တဲ့ ကျောင်းသားကမှအစ ပြန်‌ကြောက်ရတဲ့နိုင်ငံ။ နောက်ဆုံးအနေနဲ့ မေးမယ်။

“တန်လို့လား”

Nan Da Kyaw Swar ဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။

Source link