စူပါတိုင်ဖွန်းမုန်တိုင်းကို ကြိုတင်ပြင်ဆင်မှုနဲ့ အနိုင်ယူခဲ့တဲ့ ဂျပန်လူမျိုးတွေ – Baganthar




ဂျပန် ကို ဆူပါတိုင်ဖွန်း မုန်တိုင်းကြီး ဝင်မယ်ဆိုတော့ သတင်းဌာန ပေါင်းစုံ နာရီမလပ် ဒါကိုပဲ အပ်ဒိတ် လုပ် ပြောနေကြတာပဲ။ နှစ်ပေါင်း ၆၀ အတွင်း ဖျက်အား အပြင်းဆုံး ၊ ဧရိယာ အကျယ်ဆုံး စသဖြင့် သူ့ဘွဲ့ထူး ဂုဏ်ထူးတွေ အကျယ် ဝိတ္ထာရချဲ့ပြီး ကြားရ မြင်ရ ဝင်မှာက ဂျပန် ကို ဆိုတော့ ဘာများ သွားပူပေးနေရမှာတုန်း လို့တော့ တွေးမိ။

သဘာဝဘေးဒဏ် ခံ လူသားချင်း မစာနာတာ မဟုတ်၊ သဘာဝ မုန်တိုင်းကို လူကဘယ်လို ပြန်ပြီး စီမံခန့်ခွဲ သွားတယ် ဆိုတာ မနာလိုစရာတွေ မြင်ရဦးမှာ မို့လို့ပဲ ။ ခေတ်က လူတန်းစေ့သူတိုင်းနီးပါး ဖုန်းအပြားလေးကိုင်ခါ ကမ္ဘာအပေါ်က မိုးကြည့်နိုင်နေသည့် သမယ ဆိုတော့ ဝါသနာရှေ့သွားရှိရင် မုန်တိုင်း အခြေအနေ ဘယ်နေရာ ဘယ်လိုဖြတ် ဘယ်လောက်မိုင်နှုန်း လတ္တီကျုဘယ်နေရာ ဦးထွန်းလွင်မပါဘဲ သိနိုင်နေကြပါပြီ ။ သတင်းဌာနများဆိုတာ ပေါ်စေချင်တဲ့နေရာ စပေါ့ထိုးပြရုံလောက် ။

မုန်တိုင်း ကမ်းခြေကို ဖြတ်နေပြီ ကုန်းတွင်းကို ဝင်ပြီ ဆိုတော့ ဂျပန်နေသည့် မရီး မိသားစုကို အိမ်သူက သတင်းမေး ၊ လေလာဖင်ပေး အေးဆေးပင်။ လျှပ်စစ်မီး မပြတ် ၊ အင်တာနက် မပျက် ၊ အလုပ်ပိတ် ကျောင်းပိတ် အိမ်တံခါးများပိတ်ခါ သက်သာစွာ ရင်ဆိုင်ကြမည် ။ ဒီလို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနိုင်အောင် မွေးကင်းစကတည်းက မကြာခဏ ဇာတ်တိုက်လေ့ကျင့် လာခဲ့ကြသည် မဟုတ်ပါလား. ?

စီအင်အေ စီအင်အင် ရုပ်မြင်သတင်းများ ကို တိုက်ရိုက်စောင့်ကြည့်မိတော့လည်း လေတဝေါဝေါ ကြားက လမ်းမီးပွိုင့်များ အလုပ်လုပ်နေဆဲ ဖြစ်တာကို မျက်စိက မြင်ဖြစ်အောင် မြင်သဗျာ့ ။ နာဂစ်ည ၇ လွှာ အမိုးပွင့် မိုးရေထဲက မိသားစုဘဝ ကို နာနာကျင်ကျင် ပြန်မြင်မိ။ လူလေး ၁ ရာလောက်သေတာပါ။ မဟုတ်ဘူး ထောင်ကျော်နေပီ။ ဘယ်ကလာ ရွာလုံးကျွတ် သောင်းချီသေတာ

နိုးပါ အားလုံးမှားခဲ့. သိန်းကျော်သော လူထု အစုကြီး မသိခြင်း မတတ်ခြင်း အစာနာမဲ့ခံရခြင်း ငါတကောကောခြင်းများ ကြောင့် သေခဲ့ရ။ ခုထိလည်း ဒီဒဏ်ရာဒဏ်ချက်တွေက မလွတ်သေး။ ကိုယ်တိုင်ပင် ဒီစိတ်ဒဏ်ရာက အကင်းမသေ။

မုန်တိုင်းပြယ်တော့ သူတို့ မြို့ပြ အိုးအိမ် အပျက်အစီးတွေ ထက် ၊ တက်လာသော ရေမှာ အမှိုက် တစ မှ မပါသည်က သတင်းဖြစ်သတဲ့။ ကောင်မလေး ငယ်ငယ် ကိုးတန်းအရွယ်လောက်ကို အင်တာဗျူးနေတာ တုန်လှုပ်မှု မတွေ့ ၊ အိမ်ပထမထပ် အပြည့် ရေတက်လာပြီး ရေလယ်ဗယ် အာရုံခံ စနစ် ဘရိတ်ကာများ တခုချင်း အလုပ်မလုပ်တော့တာကို ရှင်းပြနေတာ အင်ဂျင်နီယာ ကျွန်ုပ် မကြားဖူးသေးသော နည်းပညာ ပုံပြင်။

ဝန်ကြီးချုပ် အာဘေး ရိပ်ကနဲ စကားပြောသွားတာ အလုပ်တော့များမယ် လူထု အသက်နဲ့ အိုးအိမ်တွေ ကာကွယ် ဖို့ရာ နိုင်ငံ့ဝန်ထမ်းများ တာဝန်ပါပဲတဲ့ ကဲလုပ်ကြစို့ ။ သတိရသေးတော့၊ သတင်းစာ အတွင်းဖုံးကနေ မျက်နှာပြည့် ကော်လံအပြည့် ဆောင်းပါး၊ ဧရာဝတီသား တို့ ဖားစားမည် ငါးစားရှာ စားမည် ငတ်သေစရာမလို မရှိ ဆိုတဲ့ အစိုးရအာဘော်။ နာဂစ် ခြေဥ သရဏံ အဟံ ဂစ္ဆာမိ ခိုင်းသည့် အာဘော် ။

ထိုနာဂစ် အောက်မှာ ကျွန်ုပ်တို့ကား ဂစ်ဆဲ ။ ဂစ်မြဲ။ ဂျပန် ဟာဂီဘစ် ကတော့ ၄၈ နာရီအတွင်း ဆေးကြောသန့်စင်ခြင်း ပြီးလတ္တံ့။ စာတတ်၍ လူလိုတွေးခေါ် ခံစား နားလည်လျှင် ကမ္ဘာပျက်ရင်တောင် ရှင်ကျန် ထမြောက်ကြလိမ့်မည်။

ဝင်းနိုင်ဦး

Source link